27
Feb

လျှပ်စစ်ဘတ်စ်ကား ၅ စီးကို နေပြည်တော်ရှိ အထင်ကရနေရာများတွင် စမ်းသပ်ပြေးဆွဲရန် ကုမ္ပဏီဖက်မှ အဆိုပြုထားကြောင်း စက်မှုဝန်ကြီးပြော

နေပြည်တော် လေဆိပ်၊ ဘူတာကြီး၊ ကားကြီးကွင်းနှင့် ဈေးကြီးများ စသောအထင်ကရနေရာများတွင် လျှပ်စစ်ဘတ်စ်ကား ၅ စီးကို စမ်းသပ်ပြေးဆွဲပေးရန် Green Power Myanmar Co., Ltd. က သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပြုလုပ်သည့် ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြောကြားသွားခဲ့သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းက မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍာအကြောင်းအပြင် အနာဂတ်တွင် ဟန်ဂေရီနိုင်ငံနည်းပညာသုံး လျှပ်စစ်ဘတ်စ်ကား (e bus) စမ်းသပ်မောင်းနှင်အသုံးပြုနိုင်ရန် မည်ကဲ့သို့ဆောင်ရွက်ထားပါသည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်း၍ မေးခွန်းများမေးမြန်းခဲ့ရာတွင် လျှပ်စစ်ဘက်စ်ကားနှင့်ပတ်သက်၍ “နေပြည်တော်လေဆိပ်၊ ဘူတာကြီး၊ ကားကြီးကွင်းနဲ့ ဈေးကြီးများ စတဲ့နေရာတွေမှာ ပြည်သူတို့သွားလာရေး အဆင်ပြေစေဖို့ လျှပ်စစ်ဘတ်စ်ကား ၅ စီးနဲ့ ကနဦး စမ်းသပ်ပြေးဆွဲမှု ပြုလုပ်လိုပါကြောင်း၊ ကုမ္ပဏီဘက်မှ အဆိုပြုလာ၍ စမ်းသပ်မှုပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်” ဟု စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြန်လည်ဖြေကြားခဲ့၏။

လျှပ်စစ်ဘတ်စ်ကား (e bus) စမ်းသပ်မှုများ ဆောင်ရွက်ရန်အတွက် Green Power Myanmar Co.,Ltd. မှ ပေးပို့မည့် လျှပ်စစ်ဘတ်စ်ကား ၅ စီးမှာ မကြာမီရောက်ရှိလာတော့မည်ဖြစ်ရာ အသုံးပြုနိုင်ရန်အတွက် စမ်းသပ်မှုပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီမှုရှိ/မရှိကို လက်တွေ့ကျကျ တွေ့မြင်နိုင်မှာဖြစ်ပြီး မှန်ကန်စွာသုံးသပ် ဆောင်ရွက်နိုင်မည်ဖြစ်ကာ လျှပ်စစ်ကားများအတွက် မရှိမဖြစ်လိုအပ်သော charging station များအား ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်၊ ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် တပ်ဆင်အသုံးပြုနိုင်ရေးအတွက် မိတ်ဖက်ကုမ္ပဏီနှင့် စက်မှုဝန်ကြီးဌာနတို့ survey ပြုလုပ်လျှက်ရှိပါကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် နေရာ ၈ ခု၊ ရန်ကုန်မြို့တွင် နေရာ ၃၆ ခုနှင့် နေပြည်တော်တွင် နေရာ ၅ ခု ကို ပမာဏအနေဖြင့် ရွေးချယ်လျာထားပြီး ညှိနှိုင်းဆောင်ရွက်နေပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသွားခဲ့သည်။
ထိုကဲ့သို့ charging station များတွင် e bus များကိုသာမက EV (electric vehicle) ကားများကိုပါ charging သွင်းနိုင်မည့် charging ခေါင်း ၃ မျိုးပါရှိမည်ဖြစ်ပြီး စက်မှုဝန်ကြီးဌာနအနေဖြင့် လက်ရှိအခြေအနေတွင် ကြိုတင်စီမံမှုများကို ဆောင်ရွက်ထားခြင်းဖြစ်ပြီး အကောင်အထည်ဖော်ဆောင်နိုင်ရေးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူဆောင်ရွက်သွာမည်ဖြစ်ကြောင်း သိရသည်။